တဒင်္ဂဆိုမှ
တခဏလေးပါပဲ
ဖြစ်တည်နေတဲ့အရာတခုဟာ
ပျက်စီးသွားဖို့ လွယ်ကူပေမဲ့
ပျက်စီးသွားတဲ့အရာတခုကတော့
ပြန်လည်ဖြစ်တည်ဖို့ မသေချာတော့ဘူး။
အရမ်းချစ်ခဲ့တယ်။
အရမ်းမြတ်နိုးခဲ့တယ်။
အရမ်းခင်တွယ်ခဲ့တယ်။
ဒီဘဝမှာတင် မကဘူး။
ဘဝဆက်တိုင်း ဆုံဆည်းကြဖို့
ကတိတွေ ပေးခဲ့ကြတယ်။
သံယောဇဉ်နှောင်ကြိုးတွေကို
အချိန်တွေအကြာကြီး ပေးဆပ်တည်ဆောက်ခဲ့ကြတယ်။
ပြိုလဲချိန်မှာတော့လည်း
အကြောင်းပြချက်က ရေရေရာရာမရှိခဲ့ဘူး။
မင်းမရှိရင် အသက်မရှင်ချင်ဘူးဆိုတဲ့
စကားလုံးတွေရဲ့ နေရာမှာ
မင်းမျက်နှာကို နောက်တခါ မမြင်ချင်ဘူးတဲ့လား။
ခက်ထန်နေတဲ့ မင်းရဲ့အကြည့်တွေအောက်မှာ
ကိုယ့်ဘက်က အတ္တတွေကိုလည်း
ရုပ်သိမ်းပေးဖို့ မေ့သွားခဲ့တယ်။
ကွဲအက်ပျက်စီးသွားခဲ့ပြီ။
ပြန်လည်ချိတ်ဆက်ဖို့ မျှော်လင့်ခဲ့ပါသေးတယ်။
ဒါပေမဲ့…
ကျိုးပဲ့၊ စုတ်ပြဲသွားတဲ့ အရာတခုကို
နဂိုအကောင်းပကတိ ပြန်ရဖို့
ဘယ်သူက တတ်နိုင်မှာလဲ။
အဖုအထစ်တွေကပဲ ငါတို့အတွက်
နောက်ဆုံးရသင့်တဲ့ လက်ဆောင်တွေလား။
အရမ်းချစ်…
အရမ်းခင်…
အရမ်းတန်ဖိုးထား…
အရမ်းတိုးဖိုးထားရတဲ့လူတွေ
ခင်ဗျားရဲ့ ပတ်ဝန်းကျင်မှာ ရှိနေသေးတယ်ဆိုရင်
ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကနေ
အဖုအထစ်တွေ မဖန်တီးဖို့
ပြောခဲ့ပါရစေ။
ကျွန်တာ်ကတော့…
ကျွန်တော်ဆိုတဲ့ ကောင်ကတော့လေ
ကျိုးပဲ့ပျက်စီးနေတဲ့ အရာတွေထဲမှာ
နေသားကျနေပါပြီ။
Write, Read and Edit – Zaw Ye Linn