ကြိတ် crush ရတဲ့ မိန်းမလှလေးအတွက်
ကဗျာတစ်ပုဒ် ရေးစပ်ပေးခဲ့ဖူးတယ်
ကာရန်မညီပေမယ့် သိပ်ထိတာပဲတဲ့
အဲလိုနဲ့ အမှတ်မထင်
လက်ဆွဲနှုတ်ဆက်ကြတော့
ကဗျာရေးတဲ့လက်က ကြမ်းလိုက်တာတဲ့
ခပ်ချေချေနဲ့ မျက်လုံးကလေးစွေတော့မလို
သူမဖြစ်ပုံကြောင့် ဆတ်ခနဲ တွန့်ဆုတ်ရင်းနဲ့
ကျွန်တော့်လက်တွေကို ပြန်ကြည့်မိတယ်
ကျွန်တော်ငယ်ငယ်က ပြူးတူးကြောင်ကြားနဲ့
ပြောင်းဆန်ထမင်းတွေ စားခဲ့ရလို့ဖြစ်မှာပါ
တော်ပါသေးတယ် . . .
ပြောင်းဆန်တွေကြားမှာ ဝါးလို့ကောင်းအောင်
ပဲလွန်းနည်းနည်းကို အမေက ထည့်ချက်ကျွေးခဲ့ပေလို့
အဲလိုမဟုတ်ရင်
နှလုံးသားမှာတောင် ကျောက်သားတွေ
နေရာယူနေလောက်မယ် ထင်ရဲ့
အမေရေ . . .
ဒီလိုလူတွေနဲ့ ဆက်ဆံဖို့
ကတ္တီပါလက်အိတ်တစ်စုံ
အမေ့ဆီက ပါဆယ်မှာဖို့လိုနေပြီထင်တယ်
ဒဏ်ရာဗရပွလက်နဲ့ရေးထားတဲ့ ကဗျာတွေက
ခံစားလို့ကောင်းပုံ မပေါ်ဘူး
ခက်တာပဲကွယ် . . .
ကဗျာရေးတဲ့သူတိုင်းမှာ
ဒဏ်ရာကိုယ်စီရှိနေလေတော့
ကဗျာတွေဖတ်ချင်ရင်
ဒဏ်ရာတွေကို မမြင်ပါနဲ့လား
မိန်းကလေးရယ်။ ။
ကဗျာရေးသူ – ဇော်ရဲလင်း