သစ်တစ်ပင်ကောင်းရင်
ငှက်တစ်သောင်းနားနိုင်တယ်ဆိုပြီး
အဖေက ထန်းပင်တွေတက်ရင်းနဲ့
ရှစ်တန်းအောင်စာရင်းထွက်တော့
ကျောင်းမနားခိုင်းဘဲ စာသင်ခန်းသွားခိုင်းခဲ့တာကို
သတိရလျက်ပါ အဖေ။
မျိုးစေ့မှန်ပေမယ့်
ရေ မြေ လေ နဲ့ နေရောင်ခြည် မကောင်းရင်
ပင်မသန်နိုင်ဘူးလို့ ခုချိန် စောဒကတက်မိရင်
ပညာတွေတတ်တော့ မိဘကို ပြန်ပက်တတ်ပြီပေါ့ ဆိုပြီး
အမေစိတ်ဆိုးမှာလည်း သိတာပါပဲ။
ဒါပေမယ့် အဖေရယ် . . .
ဆယ်တန်းလည်းအပြီး
တက္ကသိုလ်ကြီးဆီ သွားမယ်လုပ်တော့
သုံးစားလို့ မကုန်နိုင်တဲ့ ရိုးသားခြင်းအမွေကိုပဲ
အဖေတို့ ပေးလိုက်နိုင်တယ်ဆိုလို့
တပွေ့တပိုက်ကြီး ပွေ့ပိုက်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း
အိတ်ကပ်ထဲမှာ ခြူသံတွေ မကြားရတဲ့အခါ
ဖြူစင်ခြင်းက လူရာမဝင်တော့ပါဘူးဆိုရင်
အမေတို့ ဟာ… ဟင်… တွေ ဖြစ်သွားကြမယ်ထင်တယ်။
သားလည်းရွာပြန်ပြီး
ကောက်စိုက်စားချင်စိတ် ဖြစ်မိသေးရဲ့။
ဒီလိုနဲ့ နှစ်ပြားမတန်တော့တဲ့ ရိုးသားခြင်းကို
အပေါင်ဆိုင်မှာ ရသလောက်နဲ့
ပေါင်ထားခဲ့မိတာ နှစ်အတော်ကြာပြီပေါ့။
အဲဒီကစလို့ ရောင်စုံကမ္ဘာကြီးထဲမှာ
ကျင်လည်ခဲ့ရတာ ခုချိန်ထိပေါ့ အဖေရယ် . . . ။
စာရေးသူ – ဇော်ရဲလင်း