September 21, 2024

Poem

၂၀၁၈ ခုနှစ်၊ မတ်လမှာ ထုတ်ဝေခဲ့တဲ့ ရွက်ခြောက်ကြွေ အိပ်မက် (ကဗျာစုစည်းမှု)။

လူငယ် ကဗျာဝါသနာရှင် (၃) ဉီးရဲ့ စာမညီ၊ ကဗျာမပီ တွေလို့ပဲ ဆိုကြပါစို့။ အဲဒီအထဲကမှ ကျနော် ရေးဖြစ်ခဲ့တဲ့ ကဗျာတချို့ကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။ စိတ်ဇောဆန္ဒ တစ်ခုပဲရှိပြီး စာဖတ်အား၊ စာရေးအား၊ တွေးတောလေ့လာအားမှာ အားနည်းချက်၊ လိုအပ်ချက်များစွာရှိနေတာကို ဖတ်ကြည့်ရင်းနဲ့ သေချာပေါက်တွေ့ရမှာပါ။

အတိတ်ကာလတစ်ခုမှာ စိုက်ထူခဲ့တဲ့ မပီဝိုးတဝါး ဒီမှတ်တိုင်တစ်ခုအကြောင်း ပြန်တွေးမိတိုင်း မျက်ကန်းတစ္ဆေမကြောက်ဆိုသလိုပဲ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတယ်။ အခုနောက်ပိုင်းမှာတော့ စာတစ်အုပ်၊ ကဗျာတစ်ပုဒ်ကို ထုတ်ဝေဖို့ စဉ်းစားမိတိုင်း ကိုယ့်ရဲ့ စာပေဝမ်းစာကို ကိုယ်တိုင် မေးခွန်းထုတ်ဖြစ်နေပါတယ်။

ဒါပေမဲ့လည်း အဲဒီအချိန်က ရေးဖြစ်လိုက်တဲ့ စာတစ်ပုဒ်ချင်းဆီကို အခုချိန် ပြန်ဖတ်မိတိုင်း အဲဒီအချိန်က ဖြစ်တည်နေတဲ့ လူငယ်တစ်ယောက်ကို ကျနော်ကိုယ်တိုင်က နားလည်ပေးနေမိဆဲပါပဲ။

ကဗျာ တစ်ပုဒ်ချင်းစီကို အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

ရွက်ခြောက်ကြွေအိပ်မက် (ကဗျာစုစည်းမှု)

စာ/ကဗျာတွေ ကို ဘယ်ချိန်ကနေ စ,ရေးဖြစ်ခဲ့လဲဆိုတော့ state ကျောင်းသားဘဝ မြန်မာစာကို စ,စိတ်ဝင်စားခဲ့တဲ့ အချိန်ကပဲ။ ၉-၁၀ တန်း အချိန်မှာ ကိုယ့်အတွေးနဲ့ကိုယ် ဘာခေါင်းစဉ်တပ်ရမှန်းမသိတဲ့ ကဗျာလိုလို၊ စာလိုလိုဟာတွေကို ရေးဖြစ်လာတယ်။ မြန်မာစာနဲ့ပတ်သက်ပြီး ဖတ်ရတာရော၊ ကျက်ရတာကိုပါ သဘောကျလာတာက အလယ်တန်းကာလမှာ။ စကားပြေတွေ ဖတ်ရင်း၊ ကဗျာတွေ အလွတ်ကျက်ရင်းနဲ့ ပိုပြီး အမြစ်တွယ်လာခဲ့ဟန်တူပါတယ်။ စိတ်ဝင်စားအောင် သင်ကြားပေးခဲ့ကြတဲ့ မြန်မာစာ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးလည်းပါတယ်။

တက္ကသိုလ်ရောက်တော့ ပထမနှစ်ရဲ့ သင်ရိုးညွန်းတမ်းမှာပါတဲ့ ရသစာတမ်း ဆိုတဲ့ စာအုပ်ကြောင့် စာပေရသကို နဖူးတွေ့၊ ဒူးတွေ့ တွေ့ခွင့်ရလိုက်တယ်။ အဲဒီစာအုပ်ကတဆင့် တခြားသော သုတ၊ ရသစာ‌အုပ်တွေကို ဆက်ဖတ်ဖြစ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ တက္ကသိုလ် ဒုတိယနှစ်ကစပြီး စာအုပ်တွေ ဖတ်ဖြစ်လာခဲ့တယ်။ ကျောင်းနှစ်ပတ်လည် မဂ္ဂဇင်းနဲ့ နံရံကပ်စာစောင်တွေမှာ စာမူတွေပို့ရင်း နှစ်တိုင်းလိုလို ဖော်ပြခံခဲ့ရတယ်။ အဲဒီကစလို့ စာပေပိုးက ဦး‌နှောက်ထဲရော၊ နှလုံးသားထဲပါ ပျံ့နှံ့သွားတာဖြစ်မယ်။

စာအုပ်တွေကို တရစပ် ဖတ်ဖြစ်နေချိန်၊ စာတိုပေစတချို့ကို မတောက်တခေါက် ရေးဖြစ်ရင်းကနေ တစ်နေ့မှာ… မော်ဒန်ကဗျာစာအုပ်တစ်အုပ်ကို သူငယ်ချင်းတစ်ယောက်ရဲ့ လမ်းညွန်မှုနဲ့ ဖတ်ဖြစ်သွားတယ်။ အဲဒီမှာ ရေ‌ရေလည်လည်ခိုက်သွားတာပဲ။ မော်ဒန်ကဗျာ ရေးဖြစ်ဖို့ကို အဲဒီစာအုပ်ကပဲ အများကြီး တွန်းအားပေးခဲ့တာပါ။ ဒါကတော့ ကျနော် စာ၊ ကဗျာရေးဖြစ်ပုံ အကျဉ်းပေါ့‌‌နော်။

အပေါ်မှာ ပြောခဲ့တဲ့ “ရွက်ခြောက်ကြွေအိပ်မက်” (ကဗျာစုစည်းမှု) စာအုပ် ထုတ်ဖြစ်ပြီးနောက်ပိုင်း ဆက်ရေးဖြစ်ခဲ့တဲ့ စာကဗျာတချို့ကို ထပ်ပြီး မျှဝေပေးချင်ပါတယ်။ တချို့ရေးဖြစ်ခဲ့တာတွေက save မထားမိတာမျိုးနဲ့ ပြန်ရှာလို့ မရတော့ဘူး။

စာ‌ဖတ်၊ စာရေးတာအပြင် နောက်ထပ် တိုးလာတဲ့ ရောဂါတစ်ခုရှိသေးတယ်ရယ်။ သရုပ်ဖော် ဗီဒီယိုတွေ ဖန်တီးတာ။ အဲဒီရောဂါက ၂၀၁၉ မှာ စခဲ့တာပဲ။ ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်ပုံဖော်ထားတာလည်းရှိတယ်။ Covid -19 ကာလတုန်းကဆို အသိမိတ်ဆွေတွေ ရွတ်ဖတ်ထားတဲ့ အသံဖိုင်တွေကိုပါ သရုပ်ဖော် ပေးတဲ့ အစီအစဉ်မျိုးလည်း လုပ်ခဲ့လိုက်သေးတယ်။

ရေးသားဖန်တီးတဲ့ စာတွေရော၊ သရုပ်ဖော်ဖြစ်တဲ့ ဗီဒီယိုင်ဖိုင်တွေကိုပါ အခု Webpage မှာ ဝင်ရောက်ကြည့်နိုင်သလို၊ YouTube နဲ့ Facebook မှာလည်း ကြည့်ရှုနိုင်ပါတယ်။

အောက်မှာ ဖော်ပြထားတာတွေကတော့ ၂၀၁၉ – ခုနှစ် နောက်ပိုင်း ရေးဖြစ်တဲ့ ကဗျာ‌အပိုင်းအစတွေဖြစ်ပါတယ် . . .