September 21, 2024

အလုပ်ခေါ်စာ


ဒဏ်ရာတွေဗရပွနဲ့ နာကျင်ခံစားနေရတဲ့
ဤကမ္ဘာမြေအတွက်
ဂရုဏာရှင်တစ်ယောက် အလိုရှိသည်။

လျှောက်ထားသူသည်
အောက်ပါအရည်အချင်းတွေ ပြည့်မီဖို့ မလိုသလို
အထက်ပါစည်းကမ်းတွေကိုလည်း လိုက်နာဖို့ မလိုဘူး။
မှတ်ချက်အနေနဲ့
နွေးထွေးတဲ့ အပြုံးတစ်ပွင့်ပန်ဆင်ထားသူ ဖြစ်ရမည်။

လျှောက်ထားသူသည်
တို့လူသားတွေအားလုံး
အတ္တတွေ မဖုံးလွှမ်မီ
အချိန်မီ လာရောက်ဆက်သွယ်ပါရန်နှင့်
ဆက်သွယ်ရန်လိပ်စာမှာ
ငိုသံတွေ တိတ်ဆိတ်
မျှော်လင့်ချက်ရောင်စဉ်တွေ တဖိတ်ဖိတ်လက်လို့
ကန်ရေအေးနဲ့ ပန်းရနှံ့ပါမွှေးပျံ့နေတဲ့
ရှင်သန်ခြင်းဥယျာဉ်ဂေဟာဆီကို လိပ်မူလိုက်ပါ။

ဒီဂေဟာမှာ…
“ရေ မ ကူး ရ
ငါး မ မျှား ရ
ပန်း မ ခူး ရ” ဆိုတဲ့
သတိပေးစာတွေ ထားမှာမဟုတ်သလို
” အ မှိုက် မ ပစ် ရန်
သေး မ ပေါက် ရန် ” ဆိုတဲ့
ကြေညာစာတွေ နံရံပေါ် မှာ ရှိနေမှာ မဟုတ်ဘူး။

တစ်နေ့တာမှာ . . .
ပန်းရနံ့တွေ ရှူရှိုက်ပါ
ကန်ရေအေးမှာ အပန်းဖြေပါ
ချစ်မေတ္တာတွေ ဖြန့်ဝေပါ
မျှော်လင့်ချက်တွေ လက်ဆင့်ကမ်းပါ

လစာအနေနဲ့
သင်သေဆုံးသွားတဲ့အခါ
တို့ကမ္ဘာကြီးက ကျေးဇူးတင်နေမှာပါ
အမှတ်တရအနေနဲ့
အုတ်ဂူဖြူဖြူလေးတောင် လက်ဆောင်ပေးဦးမှာ။

ဆန္ဒရှိခဲ့ရင်
အချိန်မီ စာရင်းပေးသွင်းစေချင်သည်။ ။

စာရေးသူဇော်ရဲလင်း

သရုပ်ဖော် Video . . .

သရုပ်ဖော်ထွဋ်

Zaw Ye Linn

Writer, Reader and YouTuber

View all posts by Zaw Ye Linn →

Leave a Reply

Your email address will not be published. Required fields are marked *